စင်္ကာပူနိုင်ငံတွင် အဖြစ်အများဆုံးကင်ဆာရောဂါအမျိုးအစားမှာ အူမကြီးကင်ဆာရောဂါဖြစ်ပြီး အသက် ၅၀ ကျော်လာသူများအား အူမကြီးကင်ဆာရောဂါ စစ်ဆေးဖော်ထုတ်ခြင်းပြုလုပ်ရန် တိုက်တွန်းအကြံပေးလျက် ရှိပါသည်။ အူမကြီးကင်ဆာရောဂါသည် ရောဂါနုစဉ်မှာ ရောဂါလက္ခဏာများ ပြသခြင်းမရှိသောကြောင့် စစ်ဆေး ဖော်ထုတ်ရန်လိုအပ်ပြီး ရောဂါနုစဉ်မှာ စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါက ပျောက်ကင်းအောင်ကုသနိုင်မည့် အခွင့်အရေးကို ရရှိစေနိုင်ပါသည်။ စုံစမ်းမေးမြန်းမှုများနှင့် ကြိုတင်ရက်ချိန်းယူမှုများပြုလုပ်ရန်အတွက် Mount Elizabeth ၂၄ နာရီ လူနာအကူအညီပေးရေးအဖွဲ့ ဖုန်းနံပါတ်ဖြစ်သော +65 6653 6284 ကို ဆက်သွယ်ခေါ်ဆို နိုင်ပါသည်။
သွေးအတွင်း Alpha-fetoprotein စစ်ဆေးတိုင်းတာခြင်း၊ PSA စစ်ဆေးခြင်း၊ CA-125 စစ်ဆေးခြင်း၊ ၀မ်းအတွင်း သွေးပါမပါစစ်ဆေးခြင်း
အထက်ပါသွေးစစ်ဆေးမှုများနှင့်အတူ အခြားစမ်းသပ်စစ်ဆေးမှုများပြုလုပ်ကာ ကင်ဆာရောဂါအမျိုးမျိုးကို ရောဂါနုစဉ် ဖော်ထုတ်သိရှိနိုင်ပါသည်။ faecal occult blood စစ်ဆေးခြင်းသည် ၀မ်းအတွင်း သွေးပါမပါကို သိရှိစေနိုင်ပြီး ကျန်သောသွေးစစ်ဆေးမှုများဖြစ်သည့် Alpha-fetoprotein စစ်ဆေးတိုင်းတာခြင်း၊ PSA စစ်ဆေးခြင်း၊ CA-125 စစ်ဆေးခြင်းများသည် ကင်ဆာရောဂါသင်္ကေတ ရှိမရှိကို သိရှိစေနိုင်ပါသည်။ သို့သော် အထက်ပါ ကင်ဆာရောဂါစစ်ဆေးမှုနည်းလမ်းများသည် ကင်ဆာရောဂါစစ်ဆေးဖော်ထုတ်ခြင်းအတွက် တရားဝင် အကြံပြုထားသော စစ်ဆေးမှုများတွင် မပါဝင်သေးပါ။
အူမကြီးအတွင်းမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း၊ အူမကြီးအတွင်းပုံရိပ်ဖော်ကြည့်ရှုစစ်ဆေးခြင်း
အထက်ပါစစ်ဆေးမှုများသည် အူမကြီးအတွင်း၌ ကင်ဆာရောဂါအဖြစ်ပြောင်းလဲသွားနိုင်သည့် ပုံမှန်မဟုတ်သော အလုံးအကျိတ် (အသားသီး/အသားလုံး စသည်) ရှိမရှိကို ဖော်ထုတ်ပေးနိုင်သည်။
ခရုပတ်ခွေပုံစံ စွမ်းအင်နှိမ့် CT ရိုက်ခြင်း
အထက်ပါစစ်ဆေးမှုကို အဆုတ်ကင်ဆာရောဂါရှိမရှိ ဖော်ထုတ်ရာတွင် အသုံးပြုသည်။ အထူးသဖြင့် ကာလကြာရှည် ဆေးလိပ်သောက်သုံးသူများအား စစ်ဆေးရာတွင် အသုံးပြုရလေ့ရှိသည်။
ရင်သားဓာတ်မှန်ရိုက်ခြင်း
ရင်သားကင်ဆာရောဂါလက္ခဏာများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမျိုးသမီးများအနေဖြင့် ရင်သားအတွင်းတွင် ပုံမှန်မဟုတ်သော အလုံးအကျိတ်ရှိမရှိကို စမ်းသပ်စစ်ဆေးလိုသည့်အခါ ရင်သားဓာတ်မှန်ရိုက်ခြင်းနည်းလမ်းကို အသုံးပြုနိုင်သည်။
ရင်သား MRI ရိုက်ခြင်း
ရင်သား MRI ရိုက်စစ်ဆေးခြင်းသည် စံချိန်မီစစ်ဆေးမှုတစ်ခု မဟုတ်သော်လည်း ရင်သားကင်ဆာရောဂါဖြစ်နိုင်ချေ ရှိမရှိကို မှန်းဆရန် အသုံးပြုလေ့ရှိသည်။
သားအိမ်ခေါင်းချွဲစစ်ဆေးခြင်းနှင့် လိင်အင်္ဂါကြွက်နို့ပိုးစစ်ဆေးခြင်း
သားအိမ်ခေါင်းချွဲစစ်ဆေးခြင်းဖြင့် သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သောဆဲလ်များရှိမရှိ (သို့) ကင်ဆာဆဲလ်များ ရှိမရှိကို သိရှိနိုင်သည်။ လိင်အင်္ဂါကြွက်နို့ပိုးသည်လည်း သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်စေနိုင်သောကြောင့် လိင်အင်္ဂါကြွက်နို့ပိုးရှိမရှိ စစ်ဆေးခြင်းအားဖြင့် ရောဂါပိုးပြန့်ပွားမှုကို ကာကွယ်နိုင်ပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါကို စောလျင်စွာသိရှိစေရန် အထောက်အကူဖြစ်စေနိုင်သည်။
မွေးလမ်းကြောင်းမှတဆင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း
အထက်ပါစစ်ဆေးမှုသည် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွင် ပါဝင်ခြင်းမရှိပါ။ သားဥအိမ်ကင်ဆာရောဂါနှင့် သားအိမ် အတွင်းနံရံ ကင်ဆာရောဂါများကို ဖော်ထုတ်ရန်အတွက် သားဥအိမ်နှင့် သားအိမ်ကို တယ်လီဗေးရှင်းဓာတ်မှန် ရိုက်လိုသောအခါ မွေးလမ်းကြောင်းမှတဆင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်းကို အသုံးပြုသည်။
လူနာကြုံတွေ့နေရသော ရောဂါလက္ခဏာ၊ အသုံးပြုသည့်ပုံရိပ်ဖော်နည်းပညာ၊ ဓာတ်ခွဲစစ်ဆေးမှုနည်းပညာနှင့် အသားစစစ်ဆေးခြင်းနည်းပညာများသည် ကင်ဆာရောဂါကို တိတိကျကျ စစ်ဆေးဖော်ထုတ်ရာတွင် များစွာ အထောက်အကူ ဖြစ်စေနိုင်ပါသည်။
ခန္ဓာကိုယ်ထဲတွင် အလုံးအကျိတ်ရှိမရှိ ဖော်ထုတ်စစ်ဆေးလိုသောအခါ ပုံရိပ်ဖော်နည်းပညာများကို အသုံးပြုရလေ့ ရှိသည်။ အများဆုံးအသုံးပြုရလေ့ရှိသည့် ပုံရိပ်ဖော်နည်းပညာများမှာ ဓာတ်မှန်ရိုက်ခြင်း (X Ray)၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း (CT)၊ လျှပ်စစ်သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)၊ ပိုစီထရွမ်ဓာတ်မှန်ရိုက်ခြင်း (PET)နှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း (USG) စသည်တို့ဖြစ်သည်။
ကင်ဆာရောဂါဟု အတိအကျပြောနိုင်သော စစ်ဆေးမှုများတွင် အသားစယူစစ်ဆေးကြည့်ရှုခြင်းသည် တစ်ခု အပါအ၀င်ဖြစ်သည်။ မော်လီကျူးအဆင့်အထိ စစ်ဆေးကြည့်ရှုနိုင်သည့် ဓာတ်ခွဲစစ်ဆေးမှု အမျိုးမျိုးသည်လည်း ကင်ဆာရောဂါဖော်ထုတ်ရာတွင် များစွာအထောက်အကူဖြစ်စေနိုင်သည်။ DNA စစ်ဆေးခြင်း၊ သကြားဓာတ်ပမာဏ စစ်ဆေးခြင်း၊ အဆီပမာဏစစ်ဆေးခြင်းနှင့် အသားဓာတ်ပမာဏစစ်ဆေးခြင်းများသည် ကင်ဆာရောဂါ ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေနိုင်သော ဓာတ်ခွဲစစ်ဆေးမှုနည်းလမ်းများ ဖြစ်ပါသည်။